၂.၂၃.၅ - မင်္ဂလသုတ်
၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် (ညဉ့်ဦးယံ) ကုန်လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့်လျှောက်၏-
၂။ (မြတ်စွာဘုရား) များစွာကုန်သော နတ် လူတို့သည် (မိမိ) ချမ်းသာကို တောင့်တကုန်သည်ဖြစ်၍ မင်္ဂလာ (တရား) တို့ကို ကြံကြပါကုန်၏။ (အသျှင်ဘုရားသည်) မြင့်မြတ်သော (မင်္ဂလာ) တရားကို ဟောတော်မူပါလော့။
.
(မှတ်ချက်။ ၃၈ ဖြာမင်္ဂလာကို သိသာအောင် အမှတ်စဉ်တပ်ပြီး အပိုဒ်ခွဲထားပါသည်)
- ၃။ (နတ်သား) သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း,
- ပညာရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း,
- ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းလည်းကောင်း၊
ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၄။ (နတ်သား) သင့်လျော်လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း,
- ရှေးဘဝက ပြုခဲ့သော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်းလည်းကောင်း,
- မိမိ (ကိုယ် စိတ်) ကို ကောင်းစွာ ထားခြင်းလည်းကောင်း၊
ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၅။ (နတ်သား) အကြားအမြင်များခြင်းလည်းကောင်း,
- (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း,
- (မိမိတို့ဆိုင်ရာ) ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း,
- စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း၊
ဤတရား လေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၆။ (နတ်သား) အမိအဖတို့ကို လုပ်ကျွေးခြင်းလည်းကောင်း,
- သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်းလည်းကောင်း,
- ပျင်းရိဖင့်နွှဲခြင်းစသော အနှောက်အယှက် မရှိမူ၍ အလုပ်အကိုင်တို့ကို ပြုလုပ်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၇။ (နတ်သား) အလှူပေးရခြင်းလည်းကောင်း,
- ကုသိုလ်ကမ္မပထတရားကို ကျင့်ရခြင်းလည်းကောင်း,
- ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ရခြင်းလည်းကောင်း,
- အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းလည်းကောင်း၊
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၈။ (နတ်သား) မကောင်းမှုမှ (စိတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း,
- မကောင်းမှုမှ (ကိုယ်နှုတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း,
- သေအရက်သောက်ခြင်းမှ စောင့်စည်းခြင်းလည်းကောင်း,
- ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းလည်းကောင်း၊
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၉။ (နတ်သား) (ရိုသေထိုက်သူတို့အား) ရိုသေခြင်းလည်းကောင်း,
- (မိမိကိုယ်ကို) နှိမ့်ချခြင်းလည်းကောင်း,
- ရောင့်ရဲလွယ်ခြင်းလည်းကောင်း,
- သူပြုဖူးသော ကျေး ဇူးကို သိခြင်းလည်းကောင်း,
- သင့်တင့်သောအခါ၌ တရားနာခြင်းလည်းကောင်း၊
ဤတရားငါးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၁၀။ (နတ်သား)သည်းခံခြင်းလည်းကောင်း,
- သူတော်ကောင်းတို့၏ ဆုံးမစကားကို နာလွယ်ခြင်းလည်းကောင်း,
- ရဟန်းတို့အား ဖူးမြင်ခြင်းလည်းကောင်း,
- သင့်တင့်သောအခါ၌ တရားကို ဆွေးနွေးမေးမြန်းခြင်းလည်းကောင်း၊
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၁၁။ (နတ်သား) (အကုသိုလ်တရားတို့ကို) ပူပန်စေတတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း,
- မြတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း,
- အရိယသစ္စာတို့ကို (မဂ်ဖြင့်) မြင်ခြင်းလည်းကောင်း,
- နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းလည်းကောင်း၊
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
- ၁၂။ (နတ်သား) လောကဓံတို့နှင့်တွေ့သော အကြင် ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် မတုန်လှုပ်,
- စိုးရိမ်ခြင်းမရှိ,
- ကိလေသာမြူ ကင်း၏,
- ဘေးရန်မရှိ၊
ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။
မင်္ဂလသုတ် ပြီး၏။
Post a Comment