၂-၂၃-၉ ။ မေတ္တသုတ်


၂-၂၃-၁-၉ ။ မေတ္တသုတ်


၁။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ (နေလိုသော) အကျိုးစီးပွါး၌ လိမ္မာသောသူသည် (ဤဆိုလတ္တံ့သော စည်းကမ်းနည်းလမ်းကို) ပြုကျင့်အပ်၏- ကျင့်စွမ်းနိုင်ရမည်၊ ကိုယ်နှုတ် ဖြောင့်မတ်ရမည်၊ စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊ ဆိုဆုံးမ လွယ်ရမည်၊ စိတ်ထား နူးညံ့သိမ်မွေ့ရမည်၊ လွန်ကဲမြင့်မောက်သော မာနမရှိရာ။

၂။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်၊ မွေးမြူလွယ်ရမည်၊ အမှုကိစ္စ နည်းပါးရမည်၊ ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်၊ ငြိမ်သက်သော ဣန္ဒြေရှိရမည်၊ ရင့်ကျက်သော ပညာရှိရမည်၊ ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ၊ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။

၃။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်းအနည်းငယ်မျှလည်း မပြုကျင့်ရာ၊ (ဤစည်းကမ်းနည်းလမ်းကို လိုက်နာရမည်)။ ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည် ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော ကိုယ်စိတ်ရှိကြပါစေကုန်သတည်း။

၄။ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော (ထွက်သက်ဝင်သက်ရှိ) သတ္တဝါ (ထွက်သက် ဝင်သက်မဲ့) သတ္တဝါတို့သည်လည်းကောင်း, ထိတ်လန့်တတ်သော (ပုထုဇဉ်) ပုဂ္ဂိုလ်တို့သည်လည်းကောင်း, စိတ်ဓာတ်ခိုင်ခံ့သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း, ရှည်သော (ကိုယ်ရှိသော) သတ္တဝါတို့သည်လည်းကောင်း, ကြီးသော (ကိုယ်ရှိသော) သတ္တဝါတို့သည်လည်းကောင်း, အလတ်စားကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း, ပုတိုသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း, သေးဖွဲ သိမ်မွေ့သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း, ဆူဖြိုးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း။

၅။ မြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊ မမြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊ အဝေး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ အနီး၌ နေသော သတ္တဝါတို့သည်                                                                                                                                        လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့သည်လည်းကာင်း ခပ်သိမ်းသောသတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။

၆။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ခြုတ်ခြယ်ခြင်းဖြင့်လည်းကောင်း၊ ရန်လိုသော စိတ်ဖြင့်လည်းကောင်း မထေမဲ့မြင်မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်။

၇။ မိခင်သည် ရင်၌ဖြစ်သောတစ်ဦးတည်းသားကို အသက်ရှင်စေရန် အစဉ် စောင့်ရှောက်ဘိသကဲ့သို့ ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။

၈။ အထက် (ဘဝဂ်) အောက် (အဝီစိ) ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်း မရှိသော အတွင်းရန် အပြင်ရန်ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။

၉။ ငိုက်မျည်းခြင်းကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်းနေသမျှ ကာလပတ်လုံး ဤ (မေတ္တာနှင့်ယှဉ်သော) သတိကို ပွါးများအံ့ဟု ဆောက်တည်ရာ၏။ ဤသာသနာတော်၌ မေတ္တာနှင့်ယှဉ်သော သတိဖြင့်နေခြင်းကို မြတ်သော နေခြင်း 'ဗြဟ္မဝိဟာရ' ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။

၁၀။ (ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည် ) သက္ကာယဒိဋ္ဌိသို့လည်း မကပ်မူ၍ (လောကုတ္တရာ) သီလရှိသည် ဖြစ်လျက် သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တစ်ဖန် (ပဋိသန္ဓေ) နေခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။

မေတ္တသုတ် ပြီး၏။
ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန် ပြီး၏။

Post a Comment

Previous Post Next Post