၂။ သုတ္တန်

 


သုတ္တန် ပိဋကတ် ဆိုသည်မှာ-

ဝေနေယျသတ္တဝါတို့၏ စရိုက် ဝါသနာကိုလိုက်၍ လူအများ သိရှိနားလည်လွယ်သော ဝေါဟာရများကို အခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။ မိမိအကျိုးစီးပွား၊ သူတစ်ပါးအကျိုးစီးပွား၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွားတို့ကိုပြတတ် ပြုတတ်သောကြောင့်၎င်း၊ ဝေနေယျသတ္တဝါတို့၏ သဘောအနုအရင့်နှင့် လျော်စွာဟောတော်မူသောကြောင့် ၎င်း သုတ္တမည်၏။ ၎င်းသုတ္တကိုပင် သုတ္တန္တ-သုတ္တန်ဟုခေါ်သည်။ သုတ္တန်ပိဋကတ်သည် ဝေနေယျ သတ္တဝါတို့၏ စရိုက်ဝါသနာကိုလိုက်၍ လူအများ သိရှိနားလည်လွယ်သော ဝေါဟာရများကိုအခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။


“သုတ္တ”သည် “တမျဉ်းချည်၊ ပန်းသီတံ၊ ပန်းသီကြိုး”ဟု တိုက်ရိုက် အနက်အဓိပ္ပာယ်ရ၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မဒေသနာတို့အား ဖရိုဖရဲမဖြစ်ရအောင် သီကုံးပေးထားသော ကြိုးသဖွယ် ယူဆနိုင်သည်။ (ပါဠိဝေါဟာရ “သုတ္တ”အား သုတ်၊ သုတ္တန်၊ သုတ္တံစသဖြင့် မြန်မာမှုပြုလေ့ရှိသည်။)


သုတ္တန်ပိဋကတ်ကို ဒေသနာဘေဒစသည်ဖြင့် ဝေဖန်ရသော် အာဏာဒေသနာ၊ ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာဟူ၍ ဒေသနာအပြားသုံးပါးရှိရာတွင် ဥပမာ ဥပမေယျဂါထာ စုဏ္ဏိယ ပုံဝတ္ထု သက်သေသာဓကစသည်တို့ဖြင့် သင့်သလိုစီစဉ်၍ ကြားနာသူတို့ နားလည်လွယ်မည့် စကားလုံးတွေကို သုံးစွဲ၍ အဟောများသောကြောင့် ဝေါဟာရဒေသနာမျိုးဖြစ်သည်။ ပရမတ္ထတို့ကို အကြောင်းအားလျော်စွာ ဟောကြားသည့်နေရာများရှိသော်လည်း ၎င်းတို့မှာနည်းပါးလှသဖြင့် ပရမတ္ထဒေသနာဟု ခေါ်ဆိုခြင်းမပြုချေ။ ယထာ ပရာဓ သာသနာ၊ ယထာနုလောမ သာသနာ၊ ယထာ ဓမ္မ သာသနာ ဟူ၍သာသနာအပြားသုံးပါးရှိရာတွင် မည်သည့်ရောဂါဖြစ်ပေါ်လာလျှင် မည်သည့်ဆေးဖြင့် မည်ကဲ့သို့ကုစားရမည်ဟု အနာနှင့်ဆေးကိုက်အောင် ကုထုံး၊ ကုနည်းနှင့်တကွ ခြေခြေမြစ်မြစ်ဖော်ပြရေးထားသော ဆေးကျမ်းကြီးကဲ့သို့ သတ္တဝါတို့၏ အလိုစရိုက် ဝါသနာစသည့်အခြေအနေအလိုက် အခြေအနေနှင့်ဟပ်မိအောင် အံကျ ဟောကြားထားခြင်းဖြစ်သောကြောင့် ယထာ နုလောမ သာသနာဟု ဆိုရမည်ဖြစ်သည်။ သံဝရာ သံဝရ ကထာ၊ဒိဋ္ဌိဝိနိဝေဌန ကထာ၊ နာမရူပ ပရိစ္ဆေဒ ကထာဟူ၍ ကထာ အပြား သုံးပါးရှိရာ ၆၂ ပါးသော ဒိဋ္ဌိတို့ပပျောက်အောင် ဖြေရှင်းနည်းတို့ကိုဟောကြားရာ ဖြစ်သောကြောင့် ဒိဋ္ဌိဝိနိ ဝေဌကထာ မည်၏။ အဓိသီလ သိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာ သိက္ခာဟူ၍သိက္ခာအပြားသုံးပါးရှိရာ သမာဓိအရာဖြစ်သောကြောင့် အဓိစိတ္တ သိက္ခာမည်၏။ ဝီတိက္ကမ ပဟာန်၊ ပရိယုဋ္ဌာန ပဟာန်၊ အနုသယပဟာန်ဟူ၍ ပဟာန်အပြားသုံးပါးရှိရာ သမာဓိသည် ပရိယုဋ္ဌာန ကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ပရိယုဋ္ဌာနပဟာန်မည်၏။


ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋိစ္စသမုပ္ပါတ်သုတ်၊ မဟာသတိပဋ္ဌာနသုတ်တော် များသည် သုတ္တန်ပိဋကတ် တွင် ပါဝင်ပြီး ကျမ်းအားဖြင့် သုတ္တန်(၁၉)ကျမ်း ရှိသည်။

Post a Comment

Previous Post Next Post